International News

ဩစတြေးလျသရက်သီး အမေရိကန်နိုင်ငံသို့ တိုးချဲ့တင်ပို့ရောင်းချနိုင်ရန် စိုက်ပျိုးထုတ်လုပ်သူများကို အစိုးရက အကူအညီများပေးခြင်း

Last Updated:

ဩစတြေးလျအစိုးရ၏ ဩစတြေးလျဒေါ်လာ ၇၂.၇ သန်းတန်ဖိုးရှိ လယ်ယာထွက်ကုန် တိုးချဲ့မှုအစီအစဉ်ဖြင့် ဩစတြေးလျနိုင်ငံရှိ သရက်သီးစိုက်ပျိုးထုတ်လုပ်သူများထဲမှ တစ်ဦးသည် အမေရိကန်နိုင်ငံသို့ သရက်သီးများတင်ပို့နိုင်မည့် သဘောတူညီချက်အသစ် တစ်ရပ် ရရှိခဲ့ကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

ဩစတြေးလျမြောက်ပိုင်း စိုက်ပျိုးထုတ်လုပ်သူ Manbulloo Ltd နှင့် လက်လီရောင်းချသည့်ကုမ္ပဏီကြီး Walmart's Sam's Club တို့အကြား သဘောတူညီချက်တစ်ခုသည် အမေရိကန်နိုင်ငံရှိ နေရာအနှံ့အပြားတွင် သရက်သီးများရရှိတော့မည်ဖြစ်ပြီး၊ ယင်း သဘောတူညီချက်သည် ပြည်တွင်းအလုပ်အကိုင်များနှင့် နိုင်ငံစီးပွားရေးတိုးတက်မှုကို ပံ့ပိုးပေးသည့် သဘောတူညီချက်တစ်ရပ် ဖြစ်ကြောင်း သိရှိရသည်။

ကုန်သွယ်မှု၊ ခရီးသွားလုပ်ငန်းနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝန်ကြီး Dan Tehan က လယ်ယာစီးပွားရေးတိုးချဲ့မှုအစီအစဉ်သည် အလုပ်ကြိုးစားသော သြစတြေးလျလယ်သမားများ၊ ငါးဖမ်းသူများ၊ သစ်တော၊ စားနပ်ရိက္ခာနှင့် အဖျော်ယမကာထုတ်လုပ်သူများ အတွက် မြင်သာထင်သာရှိသော အကူအညီများပေးလျက်ရှိကြောင်း၊  ဩစတြေးလျ လယ်ယာစီးပွားရေးလုပ်ငန်းများကို နိုင်ငံ တကာဝယ်လက်များနှင့် ချိတ်ဆက်ကာ စျေးကွက်အသစ်များရှာဖွေရန် ကူညီပေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။

Manbulloo Ltd သည် COVID-19 ကြောင့် စိန်ခေါ်မှုများရှိနေသော်လည်း ခံနိုင်ရည်ရှိနေဆဲဖြစ်သော သြစတြေးလျစီးပွားရေး လုပ်ငန်း၏ အကောင်းဆုံးဥပမာတစ်ခုဖြစ်ပြီး၊ ကပ်ရောဂါဖြစ်ပွားနေသော်လည်း လွန်ခဲ့သည့်ငါးနှစ်အတွင်း ၎င်းတို့သည် အမေရိ ကန်သို့ သရက်သီးတင်ပို့သည့် အရေအတွက်ကို နှစ်ဆတိုး၍ တင်ပို့နိုင်ခဲ့ကြောင်း သိရှိရသည်။ လောလောဆယ်တွင် Manbulloo သည် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်သို့ အရည်အသွေးမြင့် ဩစ တြေးလျသရက်သီးတန် ရာနှင့်ချီ တင်ပို့နေသော် လည်း ယင်းအရေအတွက်သည် လာမည့်နှစ်များတွင် ထောင်ပေါင်းများစွာအထိ တိုးလာမည်ဟု မျှော်လင့်ထားသည်။ Sam's Club သည် အမေရိကန်နိုင်ငံရှိ ပြည်နယ် (၄၄)  ခုတွင် Walmart မှပိုင်ဆိုင်ပြီး လည်ပတ်နေသော လက်လီဂိုဒေါင်အသင်းအဖွဲ့များ၏ ကွင်းဆက်တစ်ခုဖြစ်သည်။

Manbulloo ကို ၂၀၀၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီးကတည်းက Manbulloo သည် မြောက်ပိုင်းနယ်မြေနှင့် ကွင်းစလန်တွင် စိုက်ခင်း (၇) ခုအထိစိုက်ပျိုးခဲ့ပြီး၊ စိုက်ပျိုးဧရိယာပေါ်မူတည်၍ စက်တင်ဘာလလယ်မှ မတ်လအထိ သရက်သီးများကို ခူးဆွတ် ရိတ်သိမ်းခဲ့သည်။ Manbulloo သည် ယခုရာသီတွင် Sam's Club သို့ R2E2 သရက်သီးတန်ချိန်များစွာကို တင်ပို့ခဲ့ပြီး၊ လာမည့် ရာသီတွင် ပမာဏတိုးလာမည်ဟု မျှော်မှန်းထားသည်။ ပြည်တွင်းရောင်းချမှု အားကောင်းမှုနှင့်အတူ၊ ယခုအခါ Manbulloo သည် အမေရိကန်၊ ကနေဒါ၊ အာရှနှင့် နယူးဇီလန်နိုင်ငံတစ်ဝှမ်းရှိ သုံးစွဲသူများအတွက် အရည်အသွေးမြင့် သြစတြေးလျသရက်သီးများကို ထောက်ပံ့ပေးလျက်ရှိသည်။

သြစတြေးလျကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Austrade) သည် လယ်ယာစီးပွားရေးတိုးချဲ့မှုအစီအစဉ်၏ တစ်စိတ် တစ်ပိုင်းအဖြစ် ယင်း၏ဝန်ဆောင်မှုများကို လျင်မြန်စွာ တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဒစ်ဂျစ်တယ်ဈေးကွက်ဝန်ဆောင် မှုများကို ဝင်ရောက်လုပ်ကိုင်နေသော အစားအစာနှင့် လယ်ယာစီးပွားရေးလုပ်ငန်းပေါင်း ၅,၀၀၀ ကျော်အတွက် ဝန်ဆောင်မှုများ တိုးမြင့်ဆောင်ရွက်ပေးခြင်းကြောင့် ယခုနှစ်တွင် ပို့ကုန်ရောင်းရငွေ ဩစတြေးလျဒေါ်လာ ၃၆၅ သန်းရရှိခဲ့ကြောင်း သိရှိရသည်။ Austrade သည် ကပ်ရောဂါကာလအတွင်း စီးပွားရေးလုပ်ငန်းများအတွက် အကူအညီများစွာပေးခြင်းဖြင့် လုပ်ငန်းများဆက်လက် ရပ်တည်နိုင်ပြီး၊ ကွဲပြားသောဈေးကွက်သစ်များ ရရှိစေကြောင်း သိရှိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ကင်ဘာရာမြို့)

Source: www.trademinister.gov.au

Category: International News